စစ်မဟာဗျူဟာ‌လေ့လာရေးရုံးနှင့် လူသားမျိုးနွယ်အစ မြန်မာက

    တမြန်နေ့က ဖြစ်သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ ရောက်သည်။ ဖတ်ချင်သည့် စာအုပ်များကို တာဝန်ရှိသူများထံ တင်ပြငှားရမ်း ဖတ်ရှုသည်။ ကျွန်တော်ငယ်ငယ်က တက္ကသိုလ်တက်ရမည့် ကျောင်းသားအရွယ်ခန့်တွင် ကမ္ဘာ့တော်ဝင်တန်းဝင် ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်ကြီးသို့ လွန်စွာ ရောက်ချင်၊ တက်ချင်သည်။ သို့သော် ဘဝအခြေအနေက မပေး။ မတက်ဖြစ်၊ မရောက်ဖြစ်လိုက်ပါ။
    စစ်ဗိုလ်မဖြစ်လျှင် စစ်သားဖြစ်ရမည်ဆိုသည့် ခံယူချက်ဖြင့် ကလောင်ကိုစွန့်၊ စစ်မြေကို ခင်တွယ်ခဲ့ရသည်။ သို့ဖြင့် ရန်ကုန်တက္ကသိုလ်သို့လည်း မ‌ရောက်ဖူးခဲ့။ အဓိပတိလမ်းကိုလည်း မလျှောက်ဖူး(ခဲ့)ပါ။
    သို့ပင်ဖြစ်ငြား တပ်မတော်သားအဖြစ် ရောက်ရှိပြီး ၁၀ နှစ်ခန့်အကြာတွင် ရန်ကုန်တက္ကသိုလ်နယ် မြေသို့ ခြေချခွင့်ပြုရန်၊ တက္ကသိုလ်ပညာသင်ယူခွင့်ပြုရန် အကြောင်းဖန်လာသည်။ တပ်မတော်က အငြိမ်းစားပေးခံရပြီး နောက်ပိုင်းတွင်လည်း ယ‌နေ့တိုင် အားလပ်ရက်များတွင် ဖတ်ရှုလိုသည့် စာအုပ်စာတမ်းများရှိလျှင်၊ အချိန်ရလျှင်ရသလို အင်းလျား‌ရေပြင်က အေးမြလတ်ဆတ်သည့်လေကို အားရပါးရ ရှူရှိုက်ရင်း အေးချမ်းသာယာသည့် ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ အသွားအလာ၊ အ‌ရောက်အပေါက်အများဆုံးသောသူမှာ  တက္ကသိုလ်ဆရာ ဆရာမများနှင့် ဝန်ထမ်းများပြီးလျှင် ကျွန်တော်သာဖြစ် မည်ဟုထင်သည်။ 
    ထို့ကြောင့်ပင် ဗဟိုစာကြည့်တိုက်၏ ဌာနကြီးမှူး၊ စာကြည့်တိုက်မှူး တာဝန်ခံ ဆရာမများပင်လျှင် ကျွန်တော့်အား ရင်းနှီးခင်မင်လျက်ရှိကြ သည်။
    တမြန်နေ့က ကျွန်တော်သည် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သို့ ရောက်သည်တွင် ၁၉၉၇ မေ၊ ဇွန်၊ ဇူလိုင် သတင်းစာများ၊၂၀၀၁ ဖေဖော်ဝါရီ၊ မတ်လ၊ ဧပြီလထုတ် သတင်းစာများကို လှန်လှော ဖတ်ရှုဖြစ်သည်။ အကြောင်းမှာ ကျွန်တော်သည် ပြည်ပနိုင်ငံတစ်ခုတွင် တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပြီး ၂၀၀၀ ပြည့်နှစ် ရန်ကုန်သို့ ပြန်‌ရောက်ချိန်တွင် နယ်စွန်နယ်ဖျား၌ တာဝန်ထမ်းဆောင်နေရချိန်ဖြစ်သဖြင့် ထိုစဉ်က ဖြစ်ရပ်အချို့ကို ဂဃနဏ သိလို၍လည်း ဖြစ်သည်။ 
    ထိုသို့ ဖတ်ကြည့်မိပါမှ ထိုအချိန်၊ ထိုကာလတွင် ကမ္ဘာ့အလယ်၌ မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အကြောင်းတစ်ရပ်ကို ထဲထဲဝင်ဝင်သိရသည်။ ပြည်ပတွင် တာဝန်ထမ်းဆောင်ချိန်တွင်လည်း ထိုအကြောင်းခြင်းရာများကို အတော်အတန် ဖတ်ရှုသိမှတ်သည်များ ရှိပြီးဖြစ် သည်။
    ထိုအကြောင်းကား ပုံတောင်ဒေသကျောက် ဖြစ်ရုပ်ကြွင်းများ ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ ထိုစဉ်က သာမန်မျှသာ ဖတ်ထားမိသည်။
    ထိုစဉ်က သတင်းစာဟောင်းများကို သတိတရဖြင့် ထိုသမိုင်း‌ကြောင်း‌အချို့က ပြန်လည်တူးဆွမိ ခြင်းဖြစ်သည်။ ယခင်ကဖတ်ရှုမိသည့် သန်းထွန်း(ဗိုလ်မှူးချုပ်ဟောင်း) ၏ 'မြန်မာ့ဦးစွန်း မြန်မာ့မော်ကွန်း' စာအုပ်ကိုလည်း ပြန်ပြောင်း အောက်မေ့သတိရမိသည်။ ထိုစာအုပ်သည် ၆x၈ လက်မအရွယ်အစားဖြစ်ပြီး စာမျက်နှာ ၃၁၀ ခန့်ရှိသည်။ 
    ထိုစာအုပ်တွင်စာရေးဆရာက သူကိုယ်တိုင် ဦးစီးဦးဆောင်ပြီး ဘူမိဗေဒပညာရှင်များ၊ မနုဿဗေဒ ပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင် အဖွဲ့များနှင့်အတူ ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေခဲ့သည့်ရလဒ်များကို ကာကွယ်ရေးဝန်ကြီးဌာန စစ်မဟာဗျူဟာ လေ့လာရေအဖွဲ့(ကမဗ)နှင့် ထောက်လှမ်းရေးတပ်ဖွဲ့ ဝင်များက ကျားကုတ်ကျားခဲ ရှာဖွေတူးဖော်ခဲ့ရသည့်ဖြစ် စဉ်အသေးစိတ်ကို ခရေစေ့တွင်းကျ ရေးသားတင်ပြလျက် 'လူသားမျိူနွယ်အစ မြန်မာက'ဟု ဆိုရမည်ဖြစ်သည်ကို ကမ္ဘာသို့ ခိုင်လုံသည့် အထောက်အထားများဖြင့် ချပြနိုင်သဖြင့် ကမ္ဘာက အတည် ပြုနိုင်ခဲ့မှုများကို အသေးစိတ် တင်ပြထားခြင်း ဖြစ်ပေသည်။ 
    'နောင်တွင် ကမဗအား တပ်မတော်ထောက် လှမ်းရေးဌာနချုပ်ရုံး (ကကလှမ်း)သို့ ထည့်သွင်းသည်'။ မူလ ကမဗ သည်ပင်လျှင် ကကလှမ်း၏ ဌာနကြီးတစ်ခု ပမာဖြစ်သည်။ ကကလှမ်းက အရာရှိကြီးများဖြင့် ဖွဲ့စည်းထား၍ ဖြစ်သည်။
    'ဇာတ်လမ်းအစ ရုပ်ကြွင်းလေးခုက ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စတင်ပေါ်ပေါက်လာပုံကို ထိုစဉ်က နဝတ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးခင်ညွန့်က သတင်းစာရှင်းလင်းပွဲတွင်လည်းကောင်း၊ မှော်ဝန်းသား ဦးခင်ညွန့်၏ 'ကြုံတွေ့ခဲ့ရ ကျွန်တော့်ဘ၀ အထွေ‌ထွ'စာအုပ်တွင် လည်းကောင်း အကျယ်တဝင့် ရေးသား ပြောကြားထားသည် အချို့ကို ထုတ်နုတ်တင်ပြရလျှင် ဗိုလ်ချုပ်ကြီးခင်ညွန့်(ငြိမ်း)က -
    "၁၉၉၇ ခုနှစ် နှစ်ဦးပိုင်းလောက်က ထင်ပါသည်။ အင်္ဂလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဝင်းအောင် (နောင်နိုင်ငံခြားရေးဝန်ကြီး ကွယ်လွန်)က အတွင်းရေးမှူး(၁) ကျွန်တော့်ထံသို့ သတင်းကောင်း တစ်ခု တင်ပြလာပါသည်။ အမျိုးသားထောက်လှမ်းရေးအဖွဲ့မှာ ဦးစီးအရာရှိအဖြစ် တာဝန်ထမ်းဆောင်စဉ်က သိရှိထားသည့် သတင်းတစ်ပုဒ်ပါ။ ၁၉၇၈ ခုနှစ်လောက်ကစပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသက ရှာဖွေတွေ့ရှိခဲ့သည့်လူတူပရိုင်းမိတ်၊ ကျောက်ဖြစ်ရုပ်ကြွင်းလေးခု ရှိခဲ့ဖူးကြောင်း၊ မည်သည့်နေရာတွင် ရောက်ရှိ ထိန်းသိမ်းထားသည်ကိုတော့ မသိရတော့ကြောင်း၊ စုံစမ်းဖော်ထုတ်ကြည့်ဖို့ကောင်းကြောင်း လျှို့ဝှက်စာဖြင့် တင်ပြခဲ့ပါသည်။  
ထိုအကြောင်းအရာနှင့်ပတ်သက်၍ ကျွန်တော်လည်း အလွန်စိတ်ဝင်စားသည့်အပြင် မြန်မာနိုင်ငံအတွက် သမိုင်းကြောင်းကောင်းမည့် ဖြစ်စဉ်ဖြစ်သော ရုပ်ကြွင်းတစ်ခုဖြစ်ကြောင်း၊ ရှေ့ဆက် ဆောင်ရွက်မှုတွေ လည်းရှိလာနိုင်ကြောင်း သုံးသပ်မိသဖြင့် စစ်ဦးစီးမှူး(ပထမတန်း)ဖြစ်သူ ဒုဗိုလ်မှူးကြီးသန်းထွန်းကို ခေါ်ယူပြီး အဆိုပါ လူတူပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းလေးခု ဘယ်နေရာသို့ ရောက်ရှိနေသည်ကို စုံစမ်းရန်နှင့် ရှေ့ဆက်ဆောင်ရွက်မှုများ ရှိကောင်းရှိလာနိုင်ကြောင်း စုံစမ်းရသည့် အချက်များကို ပြန်လည်တင်ပြရန် တာဝန်ပေးခဲ့ပါသည်။  
    စစ်ဦးစီးမှူး(ပထမတန်း) ဒုဗိုလ်မှူးကြီးသန်းထွန်းက နှစ်ပတ်လောက်အကြာမှာ အောက်ပါအတိုင်းတင်ပြလာပါသည်။ ဖြစ်စဉ်ဖြစ်ရပ်ကတော့ ၁၉၇၈ ခုနှစ် ဧပြီလတွင် မန္တလေးတက္ကသိုလ် ဘူမိဗေ ဒဌာနမှ ကထိက ဦးဘမောင်နှင့် ကျောင်းသားများ ကွင်းဆင်းလေ့လာရေး လုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်စဉ် ပုလဲမြို့နယ် မိုးကောင်းကျေးရွာ အနီးက လူတူပရိုင်းမိတ် ကျောက် ဖြစ်ရုပ်ကြွင်း အပိုင်းနှစ်ခု ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ၁၉၇၈ ခုနှစ် အောက်တိုဘာလတွင်မန္တလေးတက္ကသိုလ် ဘူမိဗေ ဒဌာနမှ ကထိက ဦးသော်တင်နှင့် သုတေသနဆရာများအဖွဲ့သည် ပုလဲမြို့နယ် မိုးကောင်းကျေးရွာသို့ ထပ်မံ သွားရောက်၍ ကွင်းဆင်းလေ့လာရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ထပ်မံ၍ လူတူပရိုင်းမိတ်ကျောက်ဖြစ် ရုပ်ကြွင်း အပိုင်းနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုကျောက်ဖြစ်ရုပ်ကြွင်းများအကြောင်း ပျံ့နှံ့ခဲ့ကြောင်း။  
    သို့သော် ထိုဖြစ်စဉ်ဖြစ်ရပ်နှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲနှင့် ပညာရေးဝန်ကြီးဌာနမှ အကြီးအကဲများ၊ တာဝန်ရှိသူများ ကြိုတင်သိရှိထားခြင်း မဟုတ်ဘဲ TIME မဂ္ဂဇင်းမှ ဖော်ပြရေးသားချက်အရသာ သိရှိရသဖြင့် စိတ်ဝင်တစားဖြင့် တောင်းယူကြည့်ရှုမှုများ ပြုလုပ်ကြရကြောင်း၊ နောက်ဆုံးတွင် တာ ဝန်ရှိသူများက နားလည်မှုလွဲမှားကာ ထိုပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းလေးခုကို လုံခြုံစွာ သိမ်းဆည်းပေးခဲ့ကြောင်း၊ သိမ်းဆည်းသည့်နေရာကလည်း ဗဟိုဘဏ်၏ မီးခံသေတ္တာတစ်ခုအတွင်း ရောက်ရှိ သိမ်း ဆည်းထားသည့် အနေအထားမျိုး ရောက်ရှိနေကြောင်း သတင်းဖော်ထုတ် ရရှိပါသည်။  
    ထိုသို့ စုံစမ်း ဖော်ထုတ် ရရှိချက်အရ ဗဟိုဘဏ်အတွင်း သိမ်းဆည်းထားသော ကျောက်ဖြစ်ရုပ် ကြွင်း ပရိုင်းမိတ်လေးခုကို အမျိုးသားပြတိုက်သို့ လွှဲပြောင်းပေးအပ်ရန် ထိုအချိန်က ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းတင်နှင့် ညှိနှိုင်းပြီးနောက် ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် အဆိုပါ ပရိုင်းမိတ်လေးခုကို အမျိုးသားပြတိုက်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ထိုနေ့မှာပင် အမျိုးသားပြတိုက်သို့ ထိုသို့ လွှဲပြောင်းပေး အပ်သည့် ပစ္စည်းများနှင့်ပတ်သက်၍ အကြောင်းအရာ အပြည့်အစုံကို ပညာရှင်များ သိရှိနားလည်စေရန် ထိုအချိန်က ရန်ကုန်တက္ကသိုလ်ပါမောက္ခ ဦးတင်အောင်အေး ဦးဆောင်လျက် ဘူမိဗေဒပညာရှင်များ၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင်များ၊ တက္ကသိုလ်အချို့မှ ပညာရှင်များပါဝင်ကာ ဆွေးနွေးပွဲ ပြုလုပ်စေခဲ့ ပါသည်။  
     ၁၉၇၈ ခုနှစ်က ရှာဖွေတွေ့ရှိခဲ့သောကျောက် ဖြစ်ရုပ်ကြွင်းလေးခုသည် လူတူပရိုင်းမိတ် (ခေါ်) ANT-HROPOID ပရိုင်းမိတ်(ခေါ်) အဆင့်မြင့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများ ဖြစ်ကြောင်း၊ စုစုပေါင်းနှစ်သန်းပေါင်း ၄၀ ခန့်ရှိ ကျောက်လွှာစုမှ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သောကြောင့် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကြောင်း၊ သို့သော် ပိုမိုပြည့်ပြည့်စုံစုံ  လေ့လာမှုများ ပြုလုပ်နိုင်ရန် ထိုဒေသတစ်ဝိုက်တွင် ထပ်မံရှာဖွေမှု၊ သုတေသနပြုမှုများ ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးအကြံပြုပါသည်။ လက်ရှိအခြေအနေတွင် အီဂျစ်နိုင်ငံမှ တွေ့ရှိထားသော ပရိုင်းမိတ်ကျောက်ဖြစ်ရုပ် ကြွင်းများသည် ရှေးအ ကျဆုံးဟု သတ်မှတ်ထားကြကြောင်း၊ အမှန်မှာ မြန်မာနိုင်ငံ ပုံတောင်ဒေသမှ ကျောက်လွှာစုသည် အီဂျစ် နိုင်ငံရှိ ကျောက်လွှာစုထက် နှစ် ၁၀ သန်းခန့်ပို၍ ရှေးကျကြောင်း၊ ၁၉၁၃ ခုနှစ်လောက်က အီဂျစ်နိုင်ငံမှ ဘူမိဗေဒလေ့လာတိုင်းတာ ရေးအဖွဲ့တစ်ဖွဲ့က ပုံတောင်ဒေသမှ ရှာဖွေတွေ့ရှိသွားသော အလားတူ ကျောက်ဖြစ်ရုပ်ကြွင်း အပိုင်းနှစ်ခုကို အိန္ဒိယနိုင်ငံသို့ ယူဆောင်သွားပြီး ဘူမိဗေဒ ပြတိုက်တွင် ပြသထား ကြောင်းလည်း သိရှိရသည်။
ဆွေးနွေးပွဲမှ အကြံပြုချက်မှာ အဆိုပါ ပုံတောင်ဒေသတွင် လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေသုတေသနပြုမှုကို ထပ်မံပြုလုပ်သင့်ကြောင်း၊ ဒါမှသာ လူသားမျိုးနွယ်များ ပေါ်ပေါက်လာခြင်းနှင့် ဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှုတွင် မြန်မာတို့၏ ပရိုင်းမိတ်များသည် အရေးပါသည့် အခန်း ကဏ္ဍတွင် ပါဝင်လာနိုင်မည်ဖြစ်ကြောင်း ပညာရှင်များက ဆွေးနွေး တင်ပြကြ ပါသည်။
    ပညာရှင်များ၏ ဆွေးနွေးအကြံပြုချက်များကို အလေးထားသောအားဖြင့် ပုံတောင်ဒေသတွင် ကျောက်ဖြစ်ရုပ်ကြွင်းများ ရှာဖွေသုတေသနပြုရန် စစ်မဟာဗျူဟာ လေ့လာရေးရုံးနှင့် ပညာရေးဝန်ကြီးဌာနမှ ဘူမိဗေဒပညာရှင်များ ပူးပေါင်းပါဝင်သော 'ပုံတောင်ဒေသ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေလေ့လာ ရေးအဖွဲ့'ကို ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် ဖွဲ့စည်းပေးပြီး ဗိုလ်မှူးကြီးသန်းထွန်းမှ ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်ရန် စီစဉ်ပေးခဲ့ပါသည်။   
    ၁၉၉၇ ခုနှစ် မတ် ၈ ရက်တွင် ဒဂုံရိပ်သာ၌ အဖွဲ့ဝင်အားလုံး တွေ့ဆုံကာ လုပ်ငန်းတာဝန်များကို အသေးစိတ် ဆွေးနွေးမှာကြားပြီး ရှာဖွေခြင်းနှင့် သုတေသနပြုလုပ်ခြင်း တာဝန်များကို ပေးအပ်ခဲ့ပါသည်။ မိမိအနေနှင့်ကား ကျောက်ဖြစ်ရုပ်ကြွင်း ကွင်းဆင်းသုတေ သနလုပ်ငန်းသည် နိုင်ငံတော်အတွက် များစွာအကျိုးသက်ရောက်မှု ဖြစ်ထွန်းလာမှာမို့ ပူးပေါင်းအဖွဲ့တွင်ပါဝင်ကြသော ပညာရှင်များအနေနှင့် ကြိုးစားပမ်းစား ဆောင်ရွက်ပေးကြပါရန် အားပေးစကားဖြင့် တိုက်တွန်းပြောကြား မေတ္တာရပ်ခံခဲ့ပါသည်။  
    ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေသုတေသနပြု ရေးအဖွဲ့သည် ၁၉၉၇ ခုနှစ် မတ် ၉ ရက်တွင် ရန်ကုန်မှ စတင်ထွက်ခွာကာ မုံရွာမြို့မှတစ်ဆင့် ပုလဲမြို့နယ်အတွင်းရှိ ပုံတောင်ကျောက်လွှာစုများ ဖြစ်ထွန်းပေါ် ပေါက်လျက်ရှိသော နေရာဒေသအသီးသီးသို့ လှည့်လည်လျက် ကွင်းဆင်းရှာဖွေရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြပါသည်။ မတ် ၂၈ ရက်အထိ မြိုင်မြို့နယ်အတွင်း ဗဟင်းဒေသတွင် ဆက်လက် ကွင်းဆင်း ရှာဖွေ လေ့လာရေးဆောင်ရွက်ခဲ့ရာ ခရီးစဉ်အတွင်း လူတူပရိုင်းမိတ်ကျောက် ဖြစ်ရုပ်ကြွင်းနှင့် ပတ်သက်သော အရေးကြီးသည့် အစိတ်အပိုင်းအချို့ကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပါသည်။ သတ္တဝါမျိုးစုံ၏ ကျောက်ဖြစ် ရုပ်ကြွင်းများကိုပါ ရှာဖွေတွေ့ရှိ ခဲ့ပါသည်။ ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေတွေ့ရှိခဲ့ရာ နေရာဒေသ အသီးသီး မှ ကျောက်လွှာစု၏ မြေနမူနာများကို ရယူခဲ့ပြီး စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာ၀ဓာတ်ငွေ့ လုပ်ငန်း အသုံးချသုတေသနဌာန (ထောက်ကြန့်)သို့ ပို့ဆောင်၍ ကျောက်လွှာ၏ သက်တမ်းကို ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခဲ့ရာ သက်တမ်းအားဖြင့် နှစ်ပေါင်း သန်း ၄၀ ခန့်ရှိသော ပုံတောင်ကျောက်လွှာစုများ ဖြစ်ကြောင်း အဖြေရရှိခဲ့ပါသည်။
    ၁၉၉၇ ခုနှစ် မေ ၁၁ ရက်တွင် အမှတ်(၂၀)၊ အင်းလျားလမ်းရှိ တပ်မတော်ဧည့်ဂေဟာတွင် ပုံတောင်ဒေသမှ ရှာဖွေတွေ့ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းများ ကို ပြည်ပမှ သတင်းစာဆရာကြီးများနှင့် ပညာရှင်အသီးသီးကို ဖိတ်ကြားလျက် ကျောက်ဖြစ်ရုပ်ကြွင်းရှာ ဖွေသုတေသနပြုအဖွဲ့၏ ခရီးစဉ်အတွင်း အတွေ့အကြုံများနှင့် အလားအလာများကို ရှင်းလင်း တင်ပြခဲ့ပါသည်။
    ဤသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတကာမှ ပညာရှင်များကိုပါ ဖိတ်ကြားလျက် သုတေသနလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရန် ရှာဖွေသုတေသနပြု အဖွဲ့သို့ လမ်းညွှန်ချက်များ ပေးခဲ့ပါသည်။
    နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု IOWA တက္ကသိုလ်နှင့် ကာလီဖိုးနီးယားတက္ကသိုလ်က ပညာရှင်များနှင့်လည်းကောင်း၊ ပြင်သစ်နိုင်ငံ မောင့်ပီလီ ယေးလ်တက္ကသိုလ်တို့မှ ဦးဆောင်သော ထိုင်းပညာရှင်များ၊ မော်ရိုကိုမှ ပညာရှင်များနှင့်လည်းကောင်း၊ ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်က ပညာရှင်များ နှင့်လည်းကောင်း ပူးပေါင်းလျက် ပုံတောင်ကျောက်ဖြစ်ရုပ်ကြွင်း ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ခဲ့ပါသည်။
    နှစ်စဉ် ပွင့်လင်းရာသီရောက်တိုင်း ပုံတောင်ဒေသ ရှာဖွေရေးနှင့် သုတေသနပြုအဖွဲ့သည် ကွင်းဆင်းလုပ်ငန်းများကို ပြည်ပပညာရှင်များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့သောကြောင့် အောင်မြင်မှုများရှိခဲ့တာ အမှန်ဖြစ်ပါသည်။ အထူးသဖြင့် ကျောက်လွှာသက်တမ်း တွက်ချက်ရာတွင် ခေတ်မီနည်းပညာများကို အသုံးပြု၍ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်ပေးကြရခြင်းကြောင့် သက်တမ်းများ မှန်ကန်တိကျစွာ ပေါ်ထွက်ခဲ့မှုကို တွေ့ရသည်။ ပြည်ပပညာရှင်များ၏ စစ်ဆေးတွက်ချက်မှုအရ ပုံတောင်ကျောက်လွှာ၏ သက်တမ်းသည် နှစ်သန်းပေါင်း ၄၀ ဒသမ ၁ သန်းမှ ၃၈ ဒသမ ၂ သန်းအကြား အဖြေများထွက်ပေါ် လာဖြင့် ကျွန်တော်တို့ မူလကသတ်မှတ်ထားသည့် နှစ်သန်းပေါင်း ၄၀ ဆိုသည်မှာ မှန်ကန်မှုရှိကြောင်း အတည်ပြုနိုင်ခဲ့ပါသည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံ၏ ရှာဖွေတွေ့ရှိသော ပုံတောင်ဒေသက လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းသည် ကမ္ဘာပေါ်တွင် သက်တမ်းအရင့်ဆုံး ဖြစ်တာကြောင့် ပြည်ပက ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များက ပိုမို စိတ်ဝင်စားလာကြသည့်အပြင် နိုင်ငံတကာ သံရုံးနယ်မြေတစ်ခုဖြစ်သော (THE AMERICAN ASSOCIATION FOR THE ADVANCEMENT OF SCIENCE) မှ ထုတ်ဝေသည့် (SCIENCE) ဂျာနယ်အပါအဝင် သိပ္ပံစာစောင်များတွင် မြန်မာ့ပုံတောင် ပရိုင်းမိတ်များအကြောင်းကို အသားပေး ဖော်ပြလာသည့်အပြင် ပြင်သစ်ပညာရှင်များ၊ ဂျပန်ပညာရှင်များရေးသားသည့် ဆောင်းပါးများလည်း နိုင်ငံတကာ ရှေဟောင်းသုတေသန နယ်ပယ်အသီးသီးသို့ ပျံ့နှံ့စေခဲ့ပါသည်။
    အမေရိကန်ပြည်ထောင်စု ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ္စဘက် (PITTSBURGH) မြို့မြောက် ပိုင်းရှိ (POWDERMILL NATURE RESERVE) တွင် NEW YORK တက္ကသိုလ်နှင့် DUKE တက္ကသိုလ်များက ပညာရှင်များဦးစီးလျက် (ANTHROPOID ORIGINS) ခေါင်းစဉ်ဖြင့် နိုင်ငံတကာ ဆွေးနွေးပွဲကို ၂၀၀၁ ခုနှစ် ဇူလိုင် ၁၉ ရက်မှ ၂၂ ရက်အထိ ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံမှ ဒေါက်တာတင်သိန်းနှင့် ဒေါက်တာ အေး ကိုကိုတို့က ဖိတ်ကြားသဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြရပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် အမေရိကန်၊ ပြင်သစ်၊ ဂျပန်ပညာရှင်များပါ တက်ရောက်၍ ပုံတောင် ပရိုင်းမိတ်များနှင့် ပတ်သက်သည့်စာတမ်းများကိုပါ ဖတ်ကြားတင်သွင်း ဆွေးနွေးခဲ့ကြသည်ဟု သိခဲ့ရပါသည်။
    ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ပုံတောင် ဒေသမှတွေ့ရှိရသော လူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ် ကြွင်းများသည် (ANTHROPOID) အဆင့်မြင့် ပရိုင်းမိတ်ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်ကြောင်း လက်ခံအတည်ပြုခဲ့ကြကြောင်း သိရှိရပါသည်။
    ထိုဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို အားရကြောင်း၊ လက်ရှိအောင်မြင်မှုများသည် အဆုံးသို့မရောက်သေးကြောင်း၊ ဆက်လက်၍ ရှာဖွေမှုနှင့် သုတေသနပြုမှု လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သင့်ကြောင်း အားပေးတိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
    ယခု ပုံတောင်ဒေသ ရှာဖွေသုတေသနပြုမှုများ ရပ်တန့်နေသည်ဟု ထင်ပါသည်။ စိတ်ဝင်စားသည့် ပုဂ္ဂိုလ်များလည်း မရှိလောက်တော့ဟု ထင်မြင်ပါသည်။ ပုဂ္ဂိုလ်တစ်ယောက်လုပ်ခဲ့သည့် လုပ်ငန်းသည် တိုင်းပြည်အတွက် လုပ်တာလား၊ ကိုယ်ကျိုးစီးပွားအတွက် လုပ်တာလားဆိုတာကို ခွဲခြားသိမြင် ပြီး၊ တိုင်းပြည်အကျိုး စီးပွားအတွက်၊ ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ကိုယ်ကျိုးမဖက်လုပ်ဆောင်ပါမူ  ဆက်လက်ဆောင် ရွက်သင့်ပြီး တိုင်းပြည်၏အကျိုးစီးပွားအတွက် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် ကိုယ်ကျိုးမဖက်လုပ် ဆောင်ပါမူ ဆက်လက်ဆောင်ရွက်သင့်ပါကြောင်းတင်ပြလို တော့သည်။ စသည်ဖြင့် ရေးသားထားသည်ကို ထုတ်နုတ်တင်ပြရင်း တစ်ခါက စစ်မဟာဗျူဟာ လေ့လာ ရေး(တပ်မတော် ထောက်လှမ်းရေး) တပ်ဖွဲ့ဝင်များသည်လည်း ကမ္ဘာ့အကြီးစား ကျောက်စာတိုင်တစ်တိုင် ကို ခိုင်ခိုင်မြဲမြဲ စိုက်ထူ‌ပေးခဲ့ပြီး တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် ပြည်သူများနှင့်အတူ လက်တွဲပြီး ဦးလည်မသုန် ထမ်းရွက်ခဲ့ကြသည်ကို တစေ့တစောင်းဖြင့် အမြွက်မျှ တင်ပြလိုက်ရပါ‌သည်။ 
    အကျယ်ကို သန်းထွန်း (ဗိုလ်မှူးချုပ်ဟောင်း)၏ 'မြန်မာ့ဦးစွန်း မြန်မာ့မော်ကွန်း'စာအုပ်တွင် လေ့လာမှတ်သားကြည့်ရှုနိုင်ကြမည် ဖြစ်ပါသတည်း။
ကျော်စိန်(မြောက်ဦး)
(TREND News ဂျာနယ်အတွဲ(၅)၊ အမှတ်( ၄၄ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 5

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

69034

© 2022 - 2026 News. All Rights Reserved.